ဆုလာဘ်
- Sai Aung Zaw Oo
- Jul 23, 2023
- 1 min read
ဒီတစ်ခေါက်မှာတော့ ဆုလာဘ်ဆိုတဲ့ စာအုပ်ကို review ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ 'Wonder' ဆိုတဲ့ ရုပ်ရှင်ကို လူတိုင်းသိကြမှာပါ။ မွေးကတည်းက မျက်နှာချို့ယွင်းနေတဲ့ ကောင်လေးတစ်ယောက် အကြောင်းပေါ့။ ဒီစာအုပ်လေးက အမေရိကန် author R.J. Palacio ရဲ့ wonder ဝတ္ထုကို ဆုလာဘ်လို့ နာမည်ပေးထားပြီး ဆရာချမ်းမြေ့ဝင်းက ဘာသာပြန်ဆိုခဲ့တာပါ။ drama တွေ၊ slice of life vibe မျိုးပါတဲ့ novel တွေဆို တော်ရုံတန်ရုံ မကြိုက်ပေမဲ့ ဒီစာအုပ်ကြောင့် drama , slice of life novel တွေ အပေါ် ကျွန်တော့်အမြင် ပြောင်းသွားတာတော့ အမှန်ပဲ။
ဇာတ်လမ်းကတော့ မွေးလာကတည်းက မျက်နှာအချိုးအစား ချို့ယွင်းနေတဲ့ အောဂတ်စ် ပူးမန်းဆိုတဲ့ ကောင်လေးတစ်ယောက်က ငယ်စဥ်ကတည်းက သူရဲ့ ကျန်းမာရေး လိုအပ်ချက်တွေအရ အိမ်မှာပဲ စာသင်ခဲ့ရပေမယ့် ၅တန်းတက်ဖို့အချိန်ရောက်လာတဲ့အခါ မိဘတွေက အောဂတ်စ်ကို တကယ့် ကျောင်းအစစ်မှာ ထားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အောဂတ်စ်တစ်ယောက် ကျောင်းအသစ်၊ ပတ်ဝန်းကျင်အသစ်၊ လူအသစ် တွေကြား၊ သူ့ကို မျက်ထောင့်ကနေ ခိုးခိုးကြည့်ကြတဲ့ မျက်လုံးအစုံတွေကြား ဘယ်လိုဖြတ်သန်းမလဲ။
ကျွန်တော့်အမြင်ကတော့ ဒီစာအုပ်ကို ဘာမှအပြစ်ပြောစရာ မတွေ့ဘူး။ တစ်အုပ်လုံးကို ဖတ်ပြီးသွားတဲ့အခါ တကယ့်ကို အပြင်မှာဖြစ်ခဲ့တဲ့ ဇာတ်လမ်းလို ခံစားနေရတယ်။ လောကမှာ လူကောင်း၊ လူဆိုး မျှတစွာ ရှိနေတဲ့အကြောင်း၊ လူတွေရဲ့ ယုတ်မာကောက်ကျစ်မှု၊ ကြင်နာသနားမှု တွေကို ဒီစာအုပ်မှာ လုံးဝ ခံစားရတယ်။ နောက်ပြီး မိုက်တာတစ်ချက်က ဒီစာအုပ်က အောဂတ်စ်ရဲ့ ရှုထောင့်ကနေပဲ ရေးထားတာ မဟုတ်ပဲ ဇာတ်ကောင် ၆ ယောက်ရဲ့ ရှုထောင့်ကနေလည်း ရေးထားပြီး အဲ့တာတွေက တစ်ခုနဲ့ တစ်ခု ချိတ်ဆက်နေတော့ နားလည်လိုက်ရတာက ဘယ်အရာကိုမဆို အမြဲ တစ်ဖက်သတ် မတွေးသင့်တာ၊ အခြားလူတစ်ယောက်ရဲ့ နေရာမှာဆို ဘယ်လိုဖြစ်နေမလဲဆိုတဲ့ စိတ်တွေ မွေးလာနိုင်ပါလားဆိုတာ သိလိုက်ရတယ်။
drama ဇာတ်လမ်းကြိုက်တဲ့သူတွေ၊ လူတစ်ယောက်ရဲ့ ရှုထောင့်ကနေ ဖတ်ရတာကြိုက်တဲ့သူတွေ လုံးဝဖတ်သင့်တဲ့ စာအုပ်ဖြစ်တယ်။

စာမျက်နှာ - ၃၉၆
ပုံနှိပ်တိုက် - ဇာစ်မြစ် စာအုပ်ထုတ်ဝေရေး
စျေးနှုန်း - ၁၀၀၀၀ ကျပ် (မူလစျေးနှုန်း)
မူလရေးသူ - R.J. Palacio
ဘာသာပြန် - ချမ်းမြေ့ဝင်း
Let's Review with Sai Rating - 5 out of 5
Comments