AVA 1740s (Season-Season1) Book Review
- Sai Aung Zaw Oo
- Jun 30, 2023
- 1 min read

Review
ဆရာ ခက်ဇော်ရဲ့ လူငယ်တွေအကြိုက်များတဲ့ ဝတ္ထုကို review ရေးပေးချင်တယ်။ ကျွန်တော်က စာအုပ်ဖတ်ရင် psychology နဲ့ self-help book တွေကို ပိုဖတ်ဖြစ်တယ်။ fiction ဆိုရင် novel တွေကိုပိုကြိုက်တယ်။ ဒါပေမဲ့ တစ်လောကမှ ဒီဝတ္ထုကို ဖတ်ဖြစ်သွားတယ်။ အရေးအသားက လုံးဝအသက်ဝင်အောင် ရေးထားတာ။ ဆရာခက်ဇော်ရေးသားထားတာ ဖြစ်ပြီး ၁၇ နှစ်ရာစု၊ အင်းဝ ခေတ်မှာ ဇာတ်အိမ်တည်ထားတာဖြစ်တယ်။ အင်းဝမြေပေါ်မှာ မွေးဖွားခဲ့တာကြောင့် အင်းဝသူစစ်စစ်လို့ ပြောလို့ရပေမယ့် အင်းဝသူအစစ် မဟုတ်တဲ့ ပေါ်တူဂီမလေး တစ်ယောက်အကြောင်း၊ တစ်နေ့မှာ သူမရဲ့ ပေါ်တူဂီ မျိုးနွယ်စုကို အမိမြေဖြစ်တဲ့ ပေါ်တူဂီ နိုင်ငံဆီ ပြန်ပို့ပေးဖို့ရာ ပေါ်တူဂီမလေး လွဲဇာဒီမဲလိုးရဲ့ စွန့်စားခန်း၊ သူမအပေါ်မေတ္တာရှိနေတဲ့ အင်းဝရွှေနန်းရှင် အားအကိုးရဆုံး စစ်သေနာပတိ ရဲ့ သွေးသောက် ငတွန် နဲ့ သူမရဲ့ အချစ်ဇာတ်လမ်း။
ဇာတ်လမ်းက တစ်နေ့ နမော်စျေးရဲ့ ဗျစ်ဆိုင်မှာ လူသတ်မှုဖြစ်တယ်။ လူသတ်တရားခံက ဆိုင်ပိုင်ရှင် လွဲဇာဒီမဲလိုး။ အင်းဝ စစ်သေနာပတိဆီ စစ်မေးခံရတော့ လွဲဇာဒီမဲလိုးရဲ့ အဖေက စစ်သေနာပတိကို ကသည်းတွေနဲ့ တိုက်ပွဲမှာ ကယ်တင်ခဲ့ဖူးတဲ့ ကျေးဇူးရှင်ဖြစ်တာကြောင့် သူ့ဆီ လွဲဇာဒီမဲလိုးကို ခုံလှုံခွင့်ပေးလိုက်တဲ့အခါ သူမက စစ်သေနာပတိရဲ့ စီးပွားရေးမှာ အယုံကြည်ရဆုံး ကုန်သည် တစ်ဦးဖြစ်လာတယ်။ နောက်တော့ တစ်ချိန်က အင်းဝရဲ့ ပဏ္ဏာဆက်နိုင်ငံ ဖြစ်ခဲ့တဲ့ မဏိပူရနိုင်ငံက ကသည်းလူမျိုးတွေဟာ အင်းဝကို တက်သိမ်းဖို့ရာ စစ်ချီလာကြတယ်။ တစ်ချိန်တည်းမှာပဲ အင်းဝဘုရင်ရဲ့ အုပ်ချုပ်မှု ညံံ့ဖျင်းမှုကြောင့် အင်းဝ လက်အောက်ခံ ဟံသာဝတီက အင်းဝကို ပုန်ကန်တော့တယ်။ တစ်ဖက်မှာ ကသည်းတွေနဲ့ တိုက်ပွဲ နဲ့ တစ်ဖက်မှာ အင်းဝနဲ့ ဟံသာဝတီတို့ တိုက်ပွဲအကြား ဒီလိုအခြေအနေတွေကို အခွင့်ကောင်းယူပြီး လွဲဇာဒီမဲလိုးဟာ သူမရဲ့ ပေါ်တူဂီ မျိုးနွယ်တွေကို အမိမြေ ပြန်ပို့ဖို့ရာ ကြိုးပမ်းမှုမှာ အောင်မြင်နိုင်ပါ့မလား။ သူမနဲ့ ငတွန်ရဲ့ အချစ်ဇာတ်လမ်းကရော ဘယ်လိုတွေ ဆက်ဖြစ်မလဲ။
တစ်အုပ်လုံးကို ဖတ်ပြီးသွားတဲ့အခါ ရလိုက်တဲ့ ရသ နဲ့ စိတ်ခံစားချက်က roller coaster လိုမျိုးပဲ။ အရေးအသားက အရမ်းကောင်းတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်း မဟုတ်ပေမယ့် သမိုင်းဇာတ်လမ်းတွေအပေါ် အခြေခံပြီး ဆရာခက်ဇော်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ပေါင်းစပ်ရေးသားထားတာဖြစ်တယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းသာ မဟုတ်တာ၊ အရေးအသားက တကယ့်ကို သမိုင်းဖြစ်ရပ်မှန် တစ်ခုကို ဖတ်နေရသလိုပဲ ယုတ္တိရှိတယ်။
စာအုပ်က စာမျက်နှာ ၅၀၀ ကျော်ပါလို့ အချိန်တော်တော်ပေးပြီး ဖတ်ရပေမယ့် ရလိုက်တဲ့ ရသက ပေးရတဲ့အချိန်နဲ့ တန်တယ်။ ဆရာခက်ဇော်ရဲ့ အရေးအသားကို သဘောကျတဲ့သူတွေ၊ သမိုင်းဖြစ်ရပ်တွေကို စိတ်ဝင်စားပြီး fiction ဖတ်ရတာ ကြိုက်နှစ်သက်သူတွေ၊ စာအုပ်ထူထူ ဖတ်ရတာ ကြိုက်တဲ့သူတွေ အတွက် ဒီစာအုပ်ကို recommend ပေးပါတယ်။
စာမျက်နှာ - ၅၄၀
ပုံနှိပ်တိုက် - ငါတို့စာပေ (NDSP)
စျေးနှုန်း - ၉၅၀၀ ကျပ် (မူလစျေးနှုန်း)
စာရေးသူ - ခက်ဇော်
Let's Review with Sai Rating - 4.7 out of 5
Comments